Wednesday, August 13, 2008

----ဆုံဆည်းရာ-----

အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို

ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ

ငှက်တွေ သီချင်းမဆိုတော့ဘူး

လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်

လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း

တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။

ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ

လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့

ကိုယ်ရှက်နေမိတယ်လေ...

ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး

သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ

သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။

မြစ်ထဲက ရေက

အိပ်ပျော်နေတဲ့ အစောင့်ရဲ့

ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...

ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့

ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။

အချစ် ရောက်လာပြီး

ကိုယ့်အနားမှာ ထိုင်တဲ့အခါ

ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး

ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။

ညက ပိုပြီးမှောင်လာတယ်....

လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...

တိမ်တိုက်တွေက ကြယ်ကလေးတွေကို

ကဗလာတွေနဲ့ ဖုံးအုပ်လိုက်တယ်....

ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ

တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....

ဒီအလင်းရောင်ကို.....

ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ မသိတော့ဘူးကွယ်။

----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------

No comments:

Powered By Blogger