Wednesday, March 25, 2009

>>>>နွေအိမ်မက်<<<<<

>နွေရောက်လာပြန်ပြီ....
>> ကျွန်တော်ဟာ ရွက်ခြောက်တွေကြွေနေတဲ့.....
>> ရိုးတံပြတ်လမ်းမထက် အရင်လိုလျှောက်မြဲ။
>> ဟိုး တောင်တန်းပြာပြာတွေပေါ်က
>> ကောင်မလေးတစ်ယောက်ကို လွမ်းမောဆဲ....
>> အမှည့်လွန်နေတဲ့ လေနီကြမ်းတွေထဲမှာ
>> ကောင်မလေးတစ်ယောက်ကို ထပ်တူပြုပြီး
>> အရင်လို သီချင်းတွေ မသစ်နိုင်တော့။ ။
>> အရင်နွေတွေတုန်းက.....
>> ရွှေရောင်ညနေခင်းမှာ ပျော်ခဲ့ဖူးတဲ့...
>> ကောင်မလေးရဲ့ဆံနွယ်စတွေ
>> ကျွန်တော် ဘာသာပြန်မတတ်ခဲ့တဲ့ သူမအပြုံးတွေ....
>> အလွမ်းရဲ့ နိမိတ်ကိုဖေါ်ပြတဲ့ သူမမျက်လုံးအကြည့်တွေ...
>> ပြီးတော့ သူမချန်ထားရစ်ခဲ့ခြေရာများ.....
>> အရင်လို ကျွန်တော်လွမ်းနေရဦးမယ်....။
>> သစ်ရွှက်တွေ ကြွေနေတုန်းပဲ.....
>> ဟိုးတုန်းကတော့ ဒါတွေဟာ သိပ်လှတဲ့ကဗျာတစ်ပုဒ်ပေါ့၊
>> ခုတော့.....
>> နေ၀င်ချိန်တွေကို ကျွန်တော်နောက်ပြန်လှည့်ကြည့်ရဦးမယ်။

Sunday, February 1, 2009

နာကြင်စွာနဲ့ကြေကွဲလျက်ပါ

အိမ်မက်လှေဟာ ဦးတည်ရာမဲ့ -ကြေကွဲခြင်း၊ခံစားခြင်း၊ပူလောင်ခြင်းတွေရဲ့ နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ.XXXXXX
ဘယ်အချိန်ထိ ခံစားကြေကွဲနေရဦးမှာလဲ....၊မင်းပေးခဲ့တဲ့ ရက်စက်ခြင်းတွေ ခုံမင်စွာနဲ့ခံယူ ခုထိလွမ်းနေဆဲပါပဲ၊ မင်းနင်းလျှောက်သွားတဲ့ ငါ့ရင်ဘက်ထဲက အသဲနှလုံးတစ်စုံဟာ မင်းဆီက တစ်စုတစ်ရာကို ဆာလောင်နေတယ်၊မင်းမရှိတော့ မင်းထိုင်ခဲ့တဲ့ ခုံတန်းလေးပေါ်က နှင်းဆီရိုင်းလေးတစ်ပွင့်ဟာ ငါ့ရဲ့နာကျင်ခြင်းတွေကို ကိုယ်စားပြုနေတယ်။တစ်ချိန်က ရင်နှင့်မကမြတ်နိုးခဲ့ရပါတယ်ဆိုတာထက် ပိုတဲ့ မြတ်နိုးရသူ ကောင်မလေးရယ်......ခုတော့ ငါ့အတွက် ကြေကွဲခြင်း ၊နာကျင်ခြင်း တွေကို မင်းအလွယ်တကူပဲ ပေးအပ်ထွက်ပြေးသွားခဲ့။
ဘ၀ရဲ့ ငြိမ်းချမ်းမှု့တွေမှာ အချစ်ဟာ ဘယ်အခန်းကပါလဲ မသိချင်တော့..အချစ်ဆိုတဲ့အရာဟာ နှစ်လုံးသားချင်းသာ သက်ဆိုင်တယ်လို့ နှစ်ဦးစလုံး နားလည်လက်ခံထားကြတဲ့အတွက် ငါတို့နှစ်ယောက်ရဲ့ နှစ်လုံးသားမှာ တခြားဘာဂုဏ်ဓနအရောင်တွေမှ အစွန်းထင်းမခံခဲ့၊ရင်ထဲမှာ ဖြစ်တည်နေတဲ့ နှစ်လုံးသားရဲ့ ချစ်ခြင်းတရားကိုသစ္စာတရားနဲ့ ဘောင်ခက်ထိန်းချုပ်ရင်း အနာဂတ်မှာ အသိုက်အမြုံတစ်ခု တည်ဆောက်မယ်လို့ ခိုင်ကျဉ်စွာဆုံးဖြတ်ထားခဲ့ကြ.......ဒါတွေဟာ အိမ်မက်တစ်ခုတော့ မဟုတ်ခဲ့ပါဘူး၊ဒါပေမယ့် အိမ်မက်တွေလိုပါပဲ........တစ်ချိန်က မင်းရဲ့ "သိပ်ချစ်ပါတယ်"ဆိုတဲ့ စကားရဲ့နောက်ကွယ်မှာ ရက်စက်တဲ့အပြုံးတွေပါနေတာ ငါမသိခဲ့၊ခုတာ့ ဒါတွေဟာ အတိတ်ရဲ့အမှတ်ရစရာတွေ ဒါဏ်ရာတွေဖြစ်ဖို့ ဖန်တီးခဲ့တာလား၊ဆုံးဖြတ်ချက်တွေ အခိုင်အမာချခဲ့ပြီးခါမှ အနားမှ ထွက်ခွာသွားသူရယ် ဖုန်းထဲကနေ မကြာမကြာ ငါ့ကိုမခြောက်လှန့်ပါတော့နဲ့ကွာ၊မင်းရဲ့"ကို့ကိုသိပ်ချစ်နေဆဲပါပဲ"ဆိုတဲ့ ရိသဲ့သဲ့စကားသံတွေ ၊မင်းရဲ့လှောင်သလိုလိုရယ်မောသံတွေ ငါသိပ်ကြောက်လွန်းလို့ပါ...မင်းရဲ့ အဲ့ဒီစကားသံတွေရဲ့နောက်ကွယ်မှာ ဘယ်လိုစီမံကိန်းတွေရှိမလည်းဆိုတာ ငါမသိပေမယ့် ငါ့ရဲ့ရင်ကိုကြေကွဲခြောက်ခြားစေနိုင်တာကိုတော့ ငါအခိုင်အမာယုံကြည်တယ်။
တော်ပါတော့ကွာ၊တော်ပါတော့ မင်းစကားတွေရပ်လိုက်ပါတော့၊အရာအားလုံးကိုပေးဆပ်ခဲ့ပြီးပြီပဲ ၊ငါ့ဆီက ဘာတွေထပ်လိုချင်နေသေးလဲ၊ဒီလောက်ရက်စက်မှု့တွေနဲ့မတင်းတိမ်နိုင်သေးဘူးလား၊မင်းရဲ့ပျော်ရွှင်ရာမှာ ငါခေါင်းတွေအခါခါငုံ့ခဲ့ပြီးပြီပဲ၊အားလုံးပြောင်းလည်းခဲ့ပါပြီ၊ဒီပြောင်းလည်းခြင်းရဲ့အဆုံးမှာဒါဏ်ရာတွေသာပိုလာခဲ့၊တစ်ချိန်က မင်းရဲ့အချစ်တွေကို ယုံကြည်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ အပြစ်တင်ရမလား၊ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ငါမင်းကို သိပ်ကြောက်သွားပါပြီ။ငါ မင်းကိုလွမ်းမိတယ်ဆိုပေမယ့် နာကျည်းနေပါပြီ၊ကြေကွဲနေတယ်ဆိုပေမယ့် မုန်းနေပါပြီ၊မင်းကိုအရင်လို ချစ်နေတုန်းပါပဲ ဒါပေမယ့် သတ်ပြစ်ချင်နေတယ်၊သေချာတာတစ်ခုကတော့ ငါမင်းကို ဘယ်လိုမှ မေ့လို့မရသေးဘူးကွယ်။
အိမ်မက်လှေဟာ ဦးတည်ရာမဲ့--ကြေကွဲခြင်း၊နာကျည်းခြင်း၊ပူလောင်ခြင်းတွေရဲ့နေရာမှာ ဝေ့၀ဲလို့ အလွမ်းမီးပြတိုက်ရဲ့ အနီးမှာ...XXXX/

Saturday, September 20, 2008

အတိတ်ရဲ့အရိပ် အိမ်မက်များစွာ....

ကျဆုံးခြင်းတဲ့လား ၊ ဘ၀တစ်ခု အဖန်အဖန်သေဆုံးခဲ့ပြီးတာတောင် ၊နောက်ထပ် သေဆုံးဖို့ အရိပ်မည်းမည်းတွေက စောင့်ကြိုနေကြ ။ မင်း ပျှော်ရွှင်နေလား ။ အစစ်အမှန်ပျှော်ရွှင်ခြင်းတွေရော ဟုတ်ရဲ့လား ။ ကျဆုံးခဲ့ပေါင်းများပါပြီ....။အရေထူနေပါပြီ ။နောက်တဖန်ကျဆုံးဖို့ရာလည်း အဆင်သင့်ဖြစ်နေပါပြီ ။ စိတ် ပြူတင်းတံခါးတွေ ပိတ်ထားဆဲ ။ မင်းမရိုက်ချိုးခင်ကတည်းက ငါ့ခြေထောက်တွေ ငါရိုက်ချိုးခဲ့ပြီးသားပါ ။ မသိခြင်းတွေရဲ့ အနက်ရှိုင်းဆုံးနေရာကို ငါ့ဝိဥာဉ်ကိုမောင်းနှင်နေတယ် ။
အမှောင်တွေကို အမှောင်စစ်စစ်ဖြစ်ဖို့ရာ ငါ့နံရံတွေကို ဆေးအမည်းရောင် သုတ်နေတယ် ။မနက်ဖြန်မှာ တွေ့ရဦးမယ့် အပြုံးအတုတွေအတွက် ၊ အဓိပ္ပါယ်မဲ့နုတ်ဆက်သံတွေအတွက်
အတ္တတစ်ခု တပ်ဆင်နေတယ် ။
ရာစုတွေ ပြည့်ဖုံးကားချသွားလည်း အဆိပ်တွေရောင်ပြန်နေခဲ့ ၊အိမ်မက်ဆိုးတွေသာ ဆုလဒ်အဖြစ်ကျန်ရှိ ။ ကျေနပ်ပါတယ် ။မင်းမရှိတဲ့ကောင်းကင်မှာ ငါ့ရဲ့ထိတ်လန့်မှု့တွေကို ယမကာတွေနဲ့ရောစပ် ဆေးတစ်စက်စက်ကျနေဆဲပါလေ ။ လက်တံတွေ ရပ်နေတဲ့နာရီပျက်တစ်လုံးလို ငါ့ရဲ့အတိတ်တွေ ပစ္စုပန်မှာ ရပ်နေဆဲပါပဲ ။
မင်းကြုံးဝါးခဲ့ဖူးတဲ့ အမှတ်တမဲ့တွေကို ငါအမှတ်တရရှိဆဲပါ ။ခြောက်ခန်းသွားမယ့် အလှတရားတွေနဲ့ ဘ၀ကို ငွေတွေထဲမှာနစ်မြှပ် မင်းဟာ နတ်ဆိုးတစ်ကောင်ဖြစ်ခဲ့ ။ မနုတ်ဆက်လိုက်ပါနဲ့ မင်းနုတ်ဆက်မသွားပါနဲ့ကွယ် ။ပြာလဲ့လဲ့ကောင်းကင်ကြီးရဲ့အလှကိုငါတစ်ယောက်တည်း မကြည့်ချင်ဘူး ။ မင်းရဲ့ပုံရိပ်ဆန်ဆန်အနည်ထိုင်ခြင်းတွေကို ဆေးတစ်ခွက်လောက် တိုက်ချင်သေးတယ် ။ အောက်မေ့ဘွယ် စကားလုံးတွေနဲ့ သံသရာ ကြီးကို စိုက်ပျိုးနေသမျှ ငါတို့မျက်ရည်ကျရဦးမှာပေါ့ ။
မင်းညည်းတွားခဲ့တဲ့ တေးသီချင်းတွေလိုပါပဲ ငါတို့ဘ၀ဟာ အဆံမဲ့နေခဲ့ ။ရူးသွပ်ခြင်းရဲ့အဓိပ္ပါယ်ကိုရှာဖွေဘို့ ငါရူးသွပ်ရဦးမယ် ။ပြီးတော့ အသိခေါက်ခက်အ၀င်နက်တယ်ပဲပြောပြော ငါ့ကိုယ်ငါပြန်လည်ရှာဖွေရဦးမယ် ။မင်းမရှိတော့တဲ့ ငါ့ရဲ့နံဘေးမှာ မင်းပုံရိပ်တွေရေးဆွဲ ငါ့ကောက်ကြောင်းတွေ သော့ဖွင့်ထားတုန်းပါပဲ ။ငါတောင်းပန်ပါတယ်ကွာ ၊ငါ့ကိုမနုတ်ဆက်လိုက်ပါနဲ့ ။မင်းလိုချင်တဲ့ ငွေကြေးတွေအတွက် ငါ့ဘ၀ကို ပုံသေခွက်ထဲ ထည့်ထားတယ်ဆိုတာကိုလည်းမင်းကိုသိစေချင်နေတယ်လေ ။
အိမ်မက်ဆိုးတွေခြောက်လှန့်နေတုန်းပါပဲ ၊ပျှော်ရွှင်စရာအိမ်မက်တွေလည်း အစာငတ်ခဲ့တာကြာပေါ့...ကြာပေါ့ ။မင်းငါ့ကို သတိရတဲ့အခါ...အရင်လို ဟားတိုက်ရယ်လိုက်ပါ ၊မင်းရဲ့လှောင်ရယ်ခြင်းတွေအောက် ငါကျဆုံးပေးပါ့မယ် ။လိုအပ်တိုင်းပေါ့ ၊ငါ့ကိုတော့ အပြီးပိုင် နုတ်ဆက်မသွားပါနဲ့ကွယ် ၊နုတ်ဆက်မသွားပါနဲ့...............ရယ် ။ ။

Wednesday, August 20, 2008

မျှမျှတတ ဖြစ်ချင်သူ...

တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး

တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို

မေးခွန်းထုတ်သည်

။ရှေ့နေများ ။ ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။

ဝိန်းအာသာ ချက်ချင်းအဖြေမပေး ။

ရေတစ်ခွက်ငှဲ့သောက်သည် ။သက်ပြင်းတစ်ချက်ချသည် ။ ပြီးမှပြန်ပြော၏ ။

ဝိန်းအာသာ ။ ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက်

ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။

လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။

ဟုတ်တယ်နော် ။ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။

ရှေ့နေများ။ ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။

ဝိန်းအာသာ။ ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။ရှေ့နေများ

ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ

၎င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ

ကမ်းပေးရင်းပြော၏ ။

ဝိန်အာသာ ။ ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။

ရောကမ်းပို့စ်၊

မင်းက ၅၀၀၀ ပိုနေတယ် ။ ပြန်ယူလိုက် ။

Wednesday, August 13, 2008

မျှော်လင့်ခြင်း.....

ငိုမဲ့မဲ့ပျော်ရည်တွေထဲ.....
သွန်ချမိမျက်ရည်တွေ၊
ပေါင်းစပ်မှုတစ်ခုရဲ့သက်သေ...။
အချစ်က အရေးပါခဲ့ရတယ်။
ငါ ဖန်သားပြင်မှာ....
ပေါ်နေတဲ့အရိပ်တွေက
ငါ့ရဲ့ပြောင်းပြန်အလွမ်းတွေထဲ
ရောင်ပြန်ဟပ်လို့....။
အချစ်က အရေးပါခဲ့ရတယ်။
အရွက်တွေမဝေဆာတော့တဲ့..
ငါ့ရဲ့...
ခြောက်ကပ်ကပ် သစ်ကိုင်းတွေမှာ
လာငြိတဲ့ လေတံခွန်ဟာ မင်းပါပဲ...။
အချစ်က အရေးပါခဲ့ပြန်တယ်။
မင်းမှုတ်ထုတ်လိုက်တဲ့...
အဲ့ဒီ ဆပ်ပြာပူဖောင်းလေးတွေထဲမှာ
ငါ့အရိပ်တွေ မင်းရှာတွေ့ရဲ့လား၊
မင်းနားမှာလွင့်ဝဲနေတဲ့ငါ့အရိပ်တွေ
မင်းပါးကလေးကို နမ်းရှိုက်ပြီး
ပေါက်ကွဲပျောက်ကွယ်သွားတဲ့
ဆပ်ပြာပူဖောင်းလေးတွေဟာ ငါပါပဲ...။
အချစ်က နောက်တဖန် အရေးပါနေဦး ပါ့မလား။ ။

ရင့်ကျက်ခြင်း

ကြေကွဲနေတာလားတဲ့....

အသိတစ်ချက် ချွတ်ယွင်းခဲ့တာလေးကို၊

အားနည်းချက်ကို အစာသွပ်လိုက်ကြတယ်။

တစ်ခါတစ်လေဆိုတဲ့ စကားကို

အကြိမ်ပေါင်းများစွာ ရဲဝံ့ခဲ့ဖူးပြီပဲ။

နှလုံးသားမှာရခဲ့တဲ့ ဒီဒဏ်ရာတွေအတွက်...

ငိုကြွေးနေမယ် ထင်နေကြလား...။

အကြိမ်ပေါင်းများစွာ ကျင့်သားရပြီးသားပါ။

ခေါက်တွန့်ကြေနေတဲ့

ငါ့ရဲ့ဒီအချစ်ဇာတ်လမ်းတွေမှာ

ငါ့အသဲတွေ အထပ်တစ်ရာမုန့်တစ်ချပ်လို၊

တစ်ထပ်ချင်း ခွာလို့တော့ရပါတယ်...။

ဒါပေမယ့်...ငါမကြေကွဲသေးဘူး။
Powered By Blogger