Wednesday, August 20, 2008

မျှမျှတတ ဖြစ်ချင်သူ...

တရားသူကြီး ၀ိန်းအာသာမှာ စားသောက်ဆိုင်တစ်ဆိုင်တွင် အမှုတစ်ခုနှင့် ပတ်သက်ပြီး

တရားလိုရှေ့နေတို့ကို အလွတ်သဘောခေါ်ယူတွေ့ဆုံ၏ ။ လူစုံသော် ရှေ့နေများက ၀ိန်းအာသာကို

မေးခွန်းထုတ်သည်

။ရှေ့နေများ ။ ။ ဆရာ ကျွန်တော်တို့ကို ခေါ်တဲ့ကိစ္စလေး အမိန့်ရှိပါဦး ။

ဝိန်းအာသာ ချက်ချင်းအဖြေမပေး ။

ရေတစ်ခွက်ငှဲ့သောက်သည် ။သက်ပြင်းတစ်ချက်ချသည် ။ ပြီးမှပြန်ပြော၏ ။

ဝိန်းအာသာ ။ ။ ကမ်းပို့စ် ၊ မောင်ရင်ဟာ တရားလိုရှေ့နေ ။မင်းဘက်ကိုအနိုင်ရဖို့အတွက်

ကိုယ့်ကိုဒေါ်လာ ၁၅၀၀၀ လာကန့်တော့တယ် ။

လီယွန် မင်းကတော့ ကျွန်တော် တရားခံရဲ့ ရှေ့နေပါလို့ဆိုပြီး ကိုယ့်ကို ဒေါ်လာ ၁၀၀၀၀ ပူဇော်တယ် ။

ဟုတ်တယ်နော် ။ရှေ့နေများ မျက်နှာပျက်သွားကြသည် ။ ၀ိန်းအာသာကို အဖြေပေး၏ ။

ရှေ့နေများ။ ။ဟုတ်....ဟုတ်ပါတယ်ခင်မျာ ။ အဲ့ဒါ......။

ဝိန်းအာသာ။ ။ကိုယ်ဟာ တရားသဖြင့် လုပ်ရတာကိုပဲ နှစ်သက်တယ် ။ ဒီတော့.......။ရှေ့နေများ

ခေါင်းစိုက်ကျသွားကုန်သည် ။ ၀ိန်းအာသာမှာ စကားမဆက်တော့ပဲ

၎င်း၏လက်ဆွဲအိတ်အတွင်းမှ ဒေါ်လာ ၅၀၀၀ ကို ရေတွက်ထုတ်ယူ၏ ။ ပြီးသော် ရှေ့နေကမ်ဒပို့စ်ထံ

ကမ်းပေးရင်းပြော၏ ။

ဝိန်အာသာ ။ ။ ကိုယ်ဟာ မျှမျှတတသမားဆိုတာ မောင်ရင်တို့သိစေချင်လို့ခေါ်တွေ့တာ ။

ရောကမ်းပို့စ်၊

မင်းက ၅၀၀၀ ပိုနေတယ် ။ ပြန်ယူလိုက် ။

Wednesday, August 13, 2008

မျှော်လင့်ခြင်း.....

ငိုမဲ့မဲ့ပျော်ရည်တွေထဲ.....
သွန်ချမိမျက်ရည်တွေ၊
ပေါင်းစပ်မှုတစ်ခုရဲ့သက်သေ...။
အချစ်က အရေးပါခဲ့ရတယ်။
ငါ ဖန်သားပြင်မှာ....
ပေါ်နေတဲ့အရိပ်တွေက
ငါ့ရဲ့ပြောင်းပြန်အလွမ်းတွေထဲ
ရောင်ပြန်ဟပ်လို့....။
အချစ်က အရေးပါခဲ့ရတယ်။
အရွက်တွေမဝေဆာတော့တဲ့..
ငါ့ရဲ့...
ခြောက်ကပ်ကပ် သစ်ကိုင်းတွေမှာ
လာငြိတဲ့ လေတံခွန်ဟာ မင်းပါပဲ...။
အချစ်က အရေးပါခဲ့ပြန်တယ်။
မင်းမှုတ်ထုတ်လိုက်တဲ့...
အဲ့ဒီ ဆပ်ပြာပူဖောင်းလေးတွေထဲမှာ
ငါ့အရိပ်တွေ မင်းရှာတွေ့ရဲ့လား၊
မင်းနားမှာလွင့်ဝဲနေတဲ့ငါ့အရိပ်တွေ
မင်းပါးကလေးကို နမ်းရှိုက်ပြီး
ပေါက်ကွဲပျောက်ကွယ်သွားတဲ့
ဆပ်ပြာပူဖောင်းလေးတွေဟာ ငါပါပဲ...။
အချစ်က နောက်တဖန် အရေးပါနေဦး ပါ့မလား။ ။

ရင့်ကျက်ခြင်း

ကြေကွဲနေတာလားတဲ့....

အသိတစ်ချက် ချွတ်ယွင်းခဲ့တာလေးကို၊

အားနည်းချက်ကို အစာသွပ်လိုက်ကြတယ်။

တစ်ခါတစ်လေဆိုတဲ့ စကားကို

အကြိမ်ပေါင်းများစွာ ရဲဝံ့ခဲ့ဖူးပြီပဲ။

နှလုံးသားမှာရခဲ့တဲ့ ဒီဒဏ်ရာတွေအတွက်...

ငိုကြွေးနေမယ် ထင်နေကြလား...။

အကြိမ်ပေါင်းများစွာ ကျင့်သားရပြီးသားပါ။

ခေါက်တွန့်ကြေနေတဲ့

ငါ့ရဲ့ဒီအချစ်ဇာတ်လမ်းတွေမှာ

ငါ့အသဲတွေ အထပ်တစ်ရာမုန့်တစ်ချပ်လို၊

တစ်ထပ်ချင်း ခွာလို့တော့ရပါတယ်...။

ဒါပေမယ့်...ငါမကြေကွဲသေးဘူး။

ခရီး.........

လမ်းမတွေ အေးစက်နေပြီ
ငါတို့ရဲ့မှတ်တိုင်တွေ အချိန်ဖြုန်းနေကြဦးမလား
အဝေးက တောင်တန်းပြာပြာတွေ မျက်ရည်ယိုလို့
ဆီနှင်းများစွာ ။

အဓိပ္ပယ်မဲ့ ပင်လယ်ပြင်ကြီးက
ငါ့တစ်နေရာစာမှာ အိုင်အိုဒင်းတွေဖြစ်ခဲ့
အဓိပ္ပယ်ရှိ ပင်လယ်ပြင်ကြီးကတော့
ငါစိတ်ကို ချမ်းသာစေခဲ့တယ်
ရှူ့မျှော် မဆုံး။

မျှော်လင်းခြင်း မျက်လုံးများနဲ့
ငါရင်ဘက် အက်ကြောင်းထဲက
သွေစိမ်းစိမ်း ရှင်ရှင် တွေ စိမ့်ထွက်လာတုန်း
ရာသီစာ အလွမ်း တွေ ကို
ကျောပိုးအိတ် ထဲ ထည့်ပြီး
တိမ်တိုက် တွေ ကိုငေးကြည့် နေမိတယ်
ဝေးကွာခြင်းများ။

စူရှ ကျယ်လှောင်တဲ့ အသံတွေရဲ့နောက်
အမှီလိုက်ရင်း နောက်ကျကျန်ရစ်ခဲ့
အဖြူ အမဲ တွေကြား လည်ပတ်ရင်း
ခြေထောက်တွေ အသားမာတက်ခဲ့
ရှုပ်ထွေးခြင်း များ။

ငါပြေးထွက်ခဲ့
ငါရုန်းထွက်ခဲ့မိပါတယ်
မလွတ်မြောက်နိုင်တဲ့ ဘ၀သံသရာထဲက
အေးစက်စက် အကြည့်တွေနဲ့ ဝေးရာ ကို
ရောက်လိုရောက်ငြားပေါ့- - - - - - - -။

ဝဋ်

ခိုးကိုးရာမဲ့ မျက်လုံးလေးတစ်စုံ၊
အတတ်ပညာတစ်ခုရဲ့
အနိမ့်အမြင့်တွေကြားမှာ
အေ၇ာင်မှိန်ခဲ့ဖူးတယ်။
ဘ၀ရယ်....
အရောင်တွေ များလိုက်ပုံများ...
စွဲစွဲမြဲမြဲ မ၀ံ့ထည်တော့တဲ့
တုန်ရီ ခြေနှစ်ချောင်းလို.....
လမ်းမှားတွေဘက် တိမ်းစောင်ခဲ့ဖူးတယ်။
ငယ်ငယ် က......
ဖားခြေထောက်ကို ကြိုးနဲ့ချည်၊
ခုန်ခိုင်းခဲ့သလိုမျိုး ငါ့ရဲ့အားထုတ်မှုတွေ...
နောက်ပြန် ရောက်ရောက်နေခဲ့။
အသုံးမတည့်တော့တဲ့..
အသီးအပွင့်တွေလို...
ပုပ်အဲ့အဲ့ လက်သီးဆုပ်ထဲက၊
ဘ၀တွေ ဆုပ်ချည်ဖြန့်ချည်.....
ဒီလိုနဲ့ပဲ ဘ၀ဟာ......
နောက်ထပ်တဖန် အရောင် မှိန်ခဲ့ရပြန်ပြီ။ ။

ရပ်နေစဲပါ----

ဒီလိုနဲ့ ကျွန်တော်ဟာ ကိန်းတစ်လုံးဖြစ်ခဲ့တယ်။
ပြီးတော့ ကိုယ့်ကိုကိုယ်ပြန်နုတ်ခဲ့တယ်....
ရလာတဲ့အဖြေက"0" သုညပါပဲ။
ကျွန်တော်ရဲ့ပတ်ဝန်းကျင်မှာလည်း
ဟင်းလင်းပြင်တွေနဲ့ပြည့်နှက်နေတော့တယ်။
ဒီလိုနဲ့ ကျွန်တော်ဟာသူတို့ရဲ့အဇ္စုတ္တထဲ....
မရည်ရွယ်ပဲချောင်းကြည့်မိခဲ့တယ်၊
သူတို့ရဲ့ဗဟိုချက်မှာ.......
ဘာတွေဖြန့်ကျဲထားသလဲသိရဖို့ပါ...
ဒါပေမယ့်
သူတို့ရဲ့ရှိုက်ကြီးတစ်ငင်ဟောပြောခန်းနဲ့....
သွားတိုးမိပါရောဗျာ.......။
ဘာကိုဆာလောင်မှန်းမသိတဲ့.......
ဆာလောင်မှု့မျက်လုံးရိုင်းရိုင်းတွေ၊
သူတို့အနားမှာ ရစ်ဝဲနေကြတယ်။
ကျွန်တော်ဟာ ကျောက်ရုပ်တစ်ရုပ်ပါ.....
ဒါပေမယ့်...
နဲ့ပါများရင်တော့ယိုင်တတ်ပါတယ်။
တောအုပ်တွေမီးလောင်နေခိုက်မှာ....
နှင်းဆီပန်းများအတွက် ပူးဆွေးတမ်းတနေဖို့၊
ကျွန်တော့်အတွက် အချိန်မရှိသေးပါဘူး......။
ကျွန်တော် ရပ်နေဆဲပါပဲ။..............။

----ဆုံဆည်းရာ-----

အချစ်နဲ့ ချိန်းဆိုထားတဲ့နေရာကို

ညက ကိုယ်တစ်ယောက်ထဲ သွားတဲ့အခါ

ငှက်တွေ သီချင်းမဆိုတော့ဘူး

လေကလည်း မလှုပ်ရှားဘဲ ငြိမ်နေတယ်

လမ်းရဲ့ တစ်ဖက်တစ်ချက်က အိမ်တွေကလည်း

တိတ်ဆိတ်ငြိမ်သက်စွာ ရပ်တည်နေကြတယ်။

ကိုယ့်ခြေထောက်က ခြေကျင်းတွေနဲ့ အသံကလဲ

လှမ်းလိုက်တိုင်း ပိုပြီး မြည်လာလို့

ကိုယ်ရှက်နေမိတယ်လေ...

ကိုယ်တို့အိမ် ဆင်ဝင်ပေါ်မှာ ထိုင်ပြီး

သူရဲ့ ခြေသံတွေကို နားထောင်နေတဲ့အခါ

သစ်ပင်ပေါ်က သစ်ရွက်တွေက အသံမပြုကြတော့ဘူး။

မြစ်ထဲက ရေက

အိပ်ပျော်နေတဲ့ အစောင့်ရဲ့

ဒူးပေါ်က ဓားလိုပဲ ငြိမ်သက်နေတယ်လေ...

ကိုယ့်နှလုံးသားက အရမ်းကို တုန်လှုပ်နေလို့

ငြိမ်သွားအောင် ဘယ်လိုလုပ်ရမလဲဆိုတာ မသိတော့ဘူး။

အချစ် ရောက်လာပြီး

ကိုယ့်အနားမှာ ထိုင်တဲ့အခါ

ကိုယ့်တစ်ကိုယ်လုံး တုန်ရီပြီး

ကိုယ့် မျက်ခွံတွေလည်း လေးကျနေပြီ။

ညက ပိုပြီးမှောင်လာတယ်....

လေက မီးအိမ်ကို ငြိမ်းလိုက်တယ်...

တိမ်တိုက်တွေက ကြယ်ကလေးတွေကို

ကဗလာတွေနဲ့ ဖုံးအုပ်လိုက်တယ်....

ကိုယ့်ရင်ပေါ်က ရတနာလေးကပဲ

တောက်ပပြီး အလင်းရောင်ပေးနေတယ်လေ.....

ဒီအလင်းရောင်ကို.....

ကိုယ်ဘယ်လို ဖုံးကွယ်ထားမလဲဆိုတာ မသိတော့ဘူးကွယ်။

----ရာဘင်ဒရာနတ်တဂိုး"ဥယျာဉ်မှုး'ကဗျာကို ပြန်လည်ခံစားထားခြင်းဖြစ်ပါသည်။------

Sunday, August 10, 2008

ခေတ်ပေါ်မြန်မာကဗျာသစ်

ဒီနေ့မြန်မာကဗျာတွေကို ကြည့်ရင်း စီးကြောင်းသုံးသွယ်နဲ့စီးမျောနေတာ တွေ့ရပါတယ်။
(၁) ရှေးရိုးစဉ်လာကဗျာစီးကြောင်း(ဂန္ထ၀င်ကဗျာပုံသ ဏ္ဍာန်)
(၂) လွတ်လပ်ကာရန် ကဗျာစီးရေကြောင်း (တချို့က မိုးဝေကဗျာလို့ ဆိုကြပါတယ်။)
(၃) ဒီနေ့ ခေတ်ပေါ်မြန်မာကဗျာ သစ်စီးကြောင်း
စတာတွေဖြစ်ကြပါတယ်။
ဒီအထဲ နောက်ဆုံးဖြစ်ပေါ် တိုးတက်လာနေတဲ့ ခေတ်ပေါ်မြန်မာကဗျာသစ်ကိစ္စ ကိုပဲ ဦးတည်ပြောချင်ပါတယ်။ ခေတ်ပေါ်မြန်မာကဗျာသစ်ကို တချို့က 'မော်ဒန်' ကဗျာလို့ဆိုပြီး၊တချို့က ' ကာရန်မဲ့ကဗျာ ' လို့ဆိုကြ ပါတယ်။ Modern ဆိုတဲ့ စကားလုံးကို မြန်မာလို 'ခေတ်ပေါ်' လို့လည်း ပြန်ဆိုလို့ရပါတယ်။ ဒါပေမယ့် 'ကာရန်မဲ့ကဗျာ' ဆိုတာကိုတော့ ကျွန်တော်တို့ လည်း ဆန်းစစ်ဖို့လိုမယ် ဖြစ်ပါတယ်။
ကာရန်မဲ့ကဗျာဆိုပြီး ကျွန်တော် စတွေ့မိတာက ဆရာ ဒေါင်းနွယ်တွေရဲ့ 'ကဗျာပုလဲကုံး' ကဗျာစာ အုပ် ထဲက ‘ စောင်းသမား လေမုန်တိုင်း’ ကဗျာပါပဲ။
‘ မင်းနဲ့ငါ မတွေ့နိုင်တော့ဘူး အချစ်ရယ်။
လှေပျက်ခဲ့ပေါင်းလည်း များလှပါပြီ
မုန်တိုင်းဟာ အရက်မူးနေတဲ့ မျောက်သိုးရိုင်းကြီး လိုပါပဲကွယ်။ -------------------
...........................
သူတေးဆိုနေသတဲ့ကွယ်
မောင်တော့၊ကမ္ဘာဆယ်ကု ဋေကမ္ဘာအဆုံး
မယုံနိုင်ဘူး မောင့်သဲရယ်’
ကဗျာရဲ့ အောက်ခြေမှာ ဆရာ ဒေါင်းနွယ်ဆွေက
ဒီလို မှတ်ချက်ပေးထားပါတယ်။
(ကာရန် မပါသော ကဗျာနု စာညွန့်ဝတ္ထုကဲ့သို့ ရေးသားသီဖွဲ့အပ်သဖြင့် ထိုစပ်နည်းကို ‘ကာရန်မဲ့ကဗျာ’ ဟုစမ်းသပ်အမည် ပေးရခြင်း ဖြစ်လေသည်) တဲ့။
ဆရာဒေါင်းနွယ်ဆွေတို့ခေတ် က တချို့ကဗျာ ဆရာတွေဟာ ကဗျာပုံ သဏ္ဍာန် အသစ်ဆန်းတွေကို စမ်းသပ်ခဲ့ကြ ပါတယ်။ (တီထွင်နိုင်ခြင်းတော့ မရှိခဲ့ကြပါဘူး။) ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ဆွေရဲ့ ဒီ ကဗျာကတော့ ကာရန်လုံးဝ မပါသလောက်ပါပဲ။ ဒီတော့ မြန်မာကာရန်မဲ့ ကဗျာအစ ဒေါင်းနွယ်ဆွေက လို့ပြောရမှာ ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆရာ ဒေါင်းနွယ်ကိုယ်တိုင်က ဒီကာရန် မဲ့ကဗျာပုံသဏ္ဍာန် ကိုစမ်းသပ်ရုံသာ စမ်းသပ်ခဲ့ပြီး ကဗျာပုံသဏ္ဍာန် တစ်ခု အဖြစ် ဆုပ်ကိုင်ပြီး ဆက်လက်မရေးခဲ့ပါဘူး။ ဒီကဗျာတွေစတင်ဖြစ်ထွန်းခါစက ကျွန်တော်တို့ကဗျာလောကမှာ တော်တော်ကို လှုပ်ခက်သွားပါတယ်..။ ကဗျာဆရာတွေ အငြင်းပွားမှုတွေဖြစ်ကြပါသေးတယ်။နောက်ဆုံးတော့ ခေတ်ပေါ်ကဗျာကပဲ တစ်ဖြည်းဖြည်းလူငယ်တွေကြား နေရာယူလာပါတော့တယ်။
ဝန်ခံချက်---ကဗျာဆရာကြီးများ၏ဆောင်းပါးအချို့ကိုလေ့လာပြီး ယနေ့လူငယ်မော်ဒန်ကဗျာ
ဝါသနာရှင်များအတွက် လေ့လာမိသမျှတင်ပြလိုက်ခြင်းဖြစ်ပါသည်။။

စွန့်လွှတ်ခြင်းရဲ့နောက်။

ဝေခွဲမရ အသိတွေကြားမှာ
ခေါင်းငိုက်စိုက်ချနေရသူပါ ၊
ပြိုတော့မဲ့ မိုးတိမ်တွေထက်
အရင်ပြိုခဲ့ရသူပါ...။
အနံ့မရှိတဲ့ ပန်းပွင့်ထက်လည်း
အထီးကျန်ခဲ့ရသူပါ၊
မသေမချာ ဖြစ်ရပ်တွေကြား
အလိုက်သင့်မျောပါရင်း...
ဘ၀တစ်ခုကို
ယောင်လည်လည်နဲ့ ပေးဆပ်နေရသူပါ။
အရာအားလုံးရဲ့ သင့်လျှော်တဲ့၊
အားလုံးရဲ့ အတ္တတွေထဲ
မခါးသက်နိုင်သေးတာ
ကိုယ်ရဲ့ အားနည်းချက်တစ်ခုပါ။
ရှင်သန်ခြင်းအတွက်......
နုပျိုမှု့လိုသေးလား၊
မြေကြီးထဲက အမြစ်တွေအားလုံးအတွက်
ပင်စည်မလိုပါဘူး.........
မိုးမခေါင်သေးခင် ရှင်သန်နေပါစေ...။
လက်ဆုပ်လက်ကိုင် မပြနိုင်သေးတ
ဲ့ အညွှန့်တွေအတွက်၊
ရေးလောင်းဖို့ မေ့သွားခဲ့ပါတယ်..၊
အတိတ်က တောင်းပန်ခဲ့တာတွေလည်း
ခုထိ မရှက်တတ်သေးပါဘူး...
ချည်နှောင်ထားတဲ့ ကြိုးတွေကြောင့်ပါ..။
ဘ၀ထွေထွေမှာ အလိုက်သိစွာ နေတတ်ခဲ့ပါပြီ......
ဆင်ခြေဆင်လက်တွေလည်း မပေးတော့ပါဘူး။
အားလုံးနဲ့ဝေးရာ..........
...ငါ...... ကဗျာတွေနဲ့သာ။...........။

---ငါ ခြေလှမ်းအစ----


ငါ့ရင်ထဲမှာ....
အိုင်ယာလန်က-ရှေးမာစ်ဟေနီ ရှိတယ်....
စကော့တလန်က-ဒါ့ဂလာစ်ဒန်း ရှိတယ်....
ချက်က-ဟောလုဗ်(မီရောဆလာဗ့်ေᠠ??ာလုဗ်)ရှိတယ်....
ယူဂိုဆလပ်က-ပိုပါ ရှိတယ်...
ပိုလန်က -ဟားဗတ်(ဇဗစ်ဂညူးဟားဗတ်)ရှိတ ယ်.....
မြန်မာ က-အောင်ဝေး၊၀ိုင်ချို၊မင်းဠ ?ိုက်စိုးစံ တို့ရှိတယ်....။
ခု...သူတို့ရဲ့သွေးသားတွေနဲ့...
ငါ့ရင်ထဲက နှလုံးသားကိုဆေးကြောနေတယ်။
ငါ့ရဲ့ကဗျာကောင်းကင်ထဲမှာ...
သူတို့ရဲ့ အငွေ့အသက်တွေ ပျံသန်းနေကြတယ်။
ငါ့ရဲ့သွေးကြောထဲမှာ...
သူတို့ရဲ့ အတွေးတွေ စီးဆင်းနေကြတယ်။
ငါ့ရဲ့ ကဗျာ နိမ့်နိမ့်တွေထဲမှာ...
သူတို့ရဲ့ သြ၀ါဒတွေ ဖုန်းလွှမ်းနေကြတယ်။
အသံတွေ...
အသံတွေကြားနေရတယ်...
မဟာတံတိုင်းကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပဲရစ်မျှော်စင်ကြီးကို သူတို့ကျော်ခွလာနေကြတယ်...
ပြီးတော့....အတားအဆီးတွေ၊
အမြင့်တကာ အမြင့်တွေကို
သူတို့ကျော်ခွလာနေကြတယ်။
ငါဟာ..
ခြောက်သွေ့သွေ့ကျောက်တုံးတ စ်တုံးပေါ်မှာ...
ကပ်ငြိနေတဲ့ ငှက်တစ်ကောင်ရဲ့တောင်ပံတစ် ခုပါ...
ငါ့ရဲ့ မ၀ံ့မရဲ ကဗျာလေးတွေပေါ်မှာ..
သူတို့ ခြေမှုံစာတွေ......။
သူတို့ရဲ့ အရောင်တွေအောက်ကို ငါတိုးဝင်နေတယ်။
ဆွံ့အ နေတဲ့ ငါ့ရဲ့မြေကြီးပေါ်မှာ..
ငါ့အရိုးတွေနဲ့... ငါ ကဗျာတွေရေးနေတယ်...
ငါ့ရဲ့ခံစားချက်တိုင်းမှာ၊
ငါ မှတ်တိုင်တွေ စိုက်ထူနေတယ်....
ငါ...တစ်ပင်စာ။

----လွမ်းတယ်-----


အလွမ်းတွေ စီးဆင်းနေတုန်း

တိမ်တစ်အုပ် လွင့်ပျံ

ရင်မှာ ဟာလှပ်သွားတယ်။

ဘယ်လိုမှ ထိန်းချုပ်မရတော့.......

လွမ်းတယ်။

ပေါက်ကွဲ တော့မှာလား....

ရင်နဲ့မဆံ့ ရူးသွပ်ခြင်းတွေ၊

ဖမ်းဆုပ်မရနိုင်တော့တဲ့ ရနံ့များ...

ဦးခေါင်းထက် ရစ်ဝဲလို့။

ဒုန်းစိုင်းပြေးလိုက်ချင်ပါရဲ့.....

မဆုံးသော လယ်ကွင်းပြင်ဆီ။

ငါ့စိတ်တွေ......စိတ်တွေ၊

အမြင့်ဆုံး ပေါက်ကွဲခြင်းများနဲ့....

လွမ်းနေတော့မယ်......။

---------ခွင့်-------

မင်းရဲ့ တိတ်တဆိတ် ခမ်းနားထည်ဝါခြင်းတွေထဲ..
ငါ့ကို ခဏလောက်ငိုက်ခွင့်လေးပေးပါ ။
ငါ့ရဲ့တောက်ပသော ငိုကြွေးခြင်းတွေ
ရာစုသစ်တစ်ခုမှာ အနည်မထိုင်ပါရစေနဲ့..
တောင်းပန်ခြင်းတွေအောက်မှာ
ငွေကြေးကို အတောင်ပံတွေမတပ်ဆင်ပါတော့နဲ့။
ငါ့ရဲ့ ဖြူလွှလွှ အဲ့ဒီစိတ်ကူးတွေအောက်မှာ..
လမ်းတွေ အမာရွတ်တွေများနေပါပြီ။
ပေးဆပ်ခြင်းမှရသာ ပီတိတွေ...
ငါ့နံရံ ဟိုးတစ်ဘက်မှာ .....
ပြန်လည်ယူဆောင်ခွင့်ပြုပါတော့။
စွန့်ပယ်ခြင်းဘဝ
မီးတောက်တွေထက်ပူလောင်လှပါ တယ်..
အေးစက်စက်အကြည့်တွေနဲ့
အားနာပါးနာ မေးပြောခေါ်ထုးသံတွေ.
ငါကိုလှောင်ရယ်နေကြပါပြီ။
ဘာမှမသိတဲ့ ဘုမသိဘမသိ ငါ၊
ထင်ယောင်ထင်မှား ဒီနွံတွေကြားက
ဘယ်လိုဖြတ်သန်းရပါ့မလဲ၊
ညမကြောက်သူတွေအတွက်...
ငါ့ဘ၀ဟာ မျက်မမြင်ရွာထဲ..
ဒီမျက်မမြင်ရွာထဲ.....
လမ်းပျောက်လို့နေပါပြီ။
ခြွင်းချက်မရှိ ဆေးရောင်တွေပေစွန်းဆဲ၊
ငါ့ကမ္ဘာရယ်...
အိမ်အပြန်မအိုစာခင် တစိမ့်စိမ့် ရေရွတ်သံတွေ...
အဝေး ခဏလောက်ပါ။
မင်းတို့ရဲ့ဟန်ဆောင်အပြုံး တွေအောက်...
ငါ ကဗျာတစ်ပုဒ်လောက်ရေးပါရစေ။ ။

ကြေကွဲခြင်းတွေပြိုကျတဲ့ည

အဲ့ဒီညက
ငါ့နှလုံးသားကို အရေခွံလဲဖို့ မေ့သွားခဲ့တယ်.....
လရောင်ရဲ့ အပြုံးတွေကို
နှစ်နှစ်ခြိုက်ခြိုက်ခံယူဖို့ မေ့သွားခဲ့တယ်......
ကဗျာတွေရေးရင်း
ဆေးလိပ်တိုတွေစုဖို့ မေ့သွားခဲ့တယ်.....
နေရာအနှံ့ စုပုံထားတဲ့
ငါ့ကဗျာတွေကို ပီတိဖြစ်ဖို့မေ့သွာခဲ့တယ်.....
ငါ့ရဲ့အူမကြီးကို အလုပ်အကြွေးပြုဖို့ မေ့သွားခဲ့တယ်......
အရင်ညတွေလို........
ညနဲ့စကားပြောဖို့ မေ့သွားခဲ့တယ်....
ညနက်နက် အိပ်မက်ဆိုးတွေထဲက
လန့်လန့်နိုးဖို့ မေ့သွားခဲ့တယ်.......
အဲ့ဒီညဟာ
ကောင်မလေးတစ်ယောက်ရဲ့
ရက်စက်မှု့တွေကို ခုခံဖို့ မေ့သွားတဲ့ညပါပဲ.............။

Saturday, August 9, 2008

----မင်းရယ်သံ----

မင်းကျောခိုင်းခဲ့တဲ့ အိပ်မက်တွေပါပဲ......


ငါ ရူးသွပ်ခြင်းတွေထဲ မင်းရယ်သံတွေ....


ထစ်ချုန်း နေဦးမှာလား။


ဘ၀ရဲ့ အရသာမှာ.....


အချစ်ဟာ ပျော်ဝင်ပစ္စည်းတွေပဲလား...


အိပ်မက်ဆန်ဆန် ဖြက်သန်းခြင်းတွေအတွက်၊


မင်းရယ်သံတွေထဲ...ငါရူးသွပ်နေတုန်းပါပဲ။


ဘ၀ရယ်....အရောင်တွေများလိုက်ပုံများ ....


ပင်လယ်ရေအလယ်မှာ ဗဟိုပြုလို့....


အချစ်ဟာ...ဒီရေအတက်ကြမ်းခဲ့ပြီ။


စိုစိုစွတ်စွတ် စိတ်ဓါတ်တွေနဲ့..


ထုံထိုင်းခဲ့တာ ငါမဟုတ်ရပါဘူး။


ငုံ့ကြည့်နေတဲ့ ကောင်းကင်အောက်မှာ


ငါ...ဒီညတွေကို..


ယိုင်နဲ့နဲ့ ....ဖြက်သန်းဆဲ.....


မင်းရယ်သံတွေကြာမှာ။........။

ခြင်တစ်ကောင်၏အနမ်း

တွန့်ခနဲ ဖြစ်သွာခြင်းရဲ့နောက်မှာ....
ခြင်အုပ်တွေရဲ့ ဟားတိုက်လှောင်ပြောင်မှု့တွေကို...
ကျွန်တော်ခံခဲ့ရပါတယ်။
ဖတ်စာအုပ်ထဲက ခြင်တို့ရဲ့အကြောင်းနဲ့၊
ဆေးရုံသို့ အလည်တစ်ခေါက်မှာ...
ကျွန်တော် ကျောပြင်တွေ တကယ်ပဲ
အေးစိမ့်သွားခဲ့ပါတယ်။။
ဒီလိုနဲ့ပဲ ခြင်ဆေးခွေမရှိတော့တဲ့
ကျွန်တော်ရဲ့ ညညအိပ်မက်တွေထဲမှာ၊
ဝင်္ကပါ လို ရှုပ်ထွေးနေတဲ့...
ဆေးထိုးပိုက်တွေကြားက...
ခြေထောက်တုတ်တုတ်ကြီးတွေ........
ကျွန်တော်ကို ကိုယ်ထင်ပြလို့။။
ခြင်တစ်ကောင်ရဲ့ အနမ်းမှာ-
ကျွန်တော်အလန့်တကြား၊
သွေးပျက်မနေချင်တော့၊
မနက်ဖြန်အတွက်...
ခြင်ဆေးခွေ ၀ယ်ထားဦးမှ။......။
Powered By Blogger